အရေပြားထူ လေးဖက်နာ Scleroderma ရောဂါအကြောင်း
အရေပြားထူလေးဖက်နာရောဂါဆိုတာ အရေပြားက သစ်သားပြားကြီးလို ထူထဲတင်းမာလာပြီး အရေပြားတင်သာမက အဆစ်တွေ၊ ကြွက်သားတွေ၊ ကျောက်ကပ်၊ အဆုတ်၊ အစာအိမ်နဲ့ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေထိပါ မာပြီးတင်းလာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
အရေပြားထူလေးဖက်နာရောဂါဟာ ခန္ဓာကိုယ်ထဲမှာ ကော်လဂျင်တွေ ပုံမှန်ထက် အများကြီးပိုမို ထုတ်လုပ်ပြီး စုပုံနေရာကနေ ဖြစ်လာတာပါ။
ဘာကြောင့် ဖြစ်သလဲ?
ဘာကြောင့် ဖြစ်ရသလဲ တိတိကျကျမပြောနိုင်ပေမယ့်…
- ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခိုက်တာ (Autoimmune)
- မျိုးရိုးဗီဇကြောင့် ဖြစ်တာ
- တချို့သော ဗိုင်းရပ်စ်ပိုးတွေ၊ ဓာတုပစ္စည်းတွေ၊ ဆေးတွေနဲ့ ထပ်ခါထပ်ခါ ထိတွေ့ရာကနေ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအဖြစ်များပါတယ်။
Localized Scleroderma လို့ခေါ်တဲ့ နေရာကွက်ပြီး ဖြစ်တဲ့အမျိုးအစားကို အသက် ၄၀ အောက်မှာ တွေ့ရများပြီး Systemic Sclerosis လို့ခေါ်တဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဖြစ်တဲ့အမျိုးအစားကတော့ အသက် ၃၀နဲ့ ၅၀ ကြားမှာ အဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေကတော့…
ဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားခြားနားပါတယ်။ ရောဂါဖြစ်တဲ့သူ တော်တော်များများက အရေပြားနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။
- လက်ချောင်းခြေချောင်းတွေ၊ မျက်နှာ၊ နဖူး၊ လက်မောင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပေါင်၊ ခြေသလုံးတွေမှာ ရောင်ပြီး ယားနေတာ၊ တင်းနေတာ၊ အသားရောင် ပိုရင့်တာ သို့မဟုတ် ဖျော့နေတာမျိုး တွေ့ရတတ်ပါတယ်။
- အကွေးအဆန့်မရတာ၊ လှုပ်ရှားရခက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။
- ဓာတ်မှန်ရိုက်ကြည့်ရင် အရေပြားအောက်မှာ ကယ်လ်ဆီယမ်တွေ စုပုံနေတာ တွေ့ရနိုင်ပါတယ်။
- ရောဂါကြောင့် လက်ချောင်းခြေချောင်းက သွေးကြောတွေ ကျုံ့လာပြီး သွေးလှည့်ပတ်မှု မကောင်းလို့ Raynaud's Phenomenon လို့ခေါ်တဲ့ လက်ချောင်းခြေချောင်းထိပ်တွေ နာနေထုံနေပြီး နီနေတာ၊ ပြာနေတာ သို့မဟုတ် ဖြူဖျော့နေတာ ဖြစ်တတ်ပါတယ်။
- အစာခြေစနစ်ကို ထိခိုက်တဲ့အခါ ရင်ပူတာ၊ အစာမကြေတာ၊ လေပွတာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာတွေ ခံစားရပါလိမ့်မယ်။
- အဆုတ်နဲ့ နှလုံးကို ထိခိုက်ရင် မောတာ၊ အသက်ရှူကြပ်တာ၊ အဆုတ်ရေဝင်တာ၊ အဆုတ်သွေးဖိအား များတာ (Pulmonary Hypertension)၊ ခြေလက်တွေ ဖောရောင်တာ၊ နှလုံးခုန်နှုန်းမမှန်တာ ဖြစ်တတ်ပါတယ်။
- ကျောက်ကပ်ကို ထိခိုက်ရင် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။
- မျက်နှာအရေပြားတွေ ထိခိုက်တာများတဲ့အခါ ပါးစပ်ကပိုကျဥ်းသွားပြီး ဖွင့်ရမလွယ်ကူတာမျိုး ဖြစ်နိုင်ပါတယ်။
အရေပြားထူ လေးဖက်နာရောဂါကို လုံးဝပျောက်ကင်းသွားအောင် ကုသလို့မရပါဘူး။ ရောဂါပိုမဆိုးအောင်၊ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင် ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကုသမှုမှန်မှန်ခံယူရင် သက်တမ်းစေ့ နေနိုင်မယ့် ရောဂါမို့ အချိန်မီကုသမှု ခံယူဖို့နဲ့ ပုံမှန်ကုသမှု ခံယူဖို့ ပဲ အရေးကြီးတာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်